Our social:

July 15, 2015

ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စူပါစမတ်ဖုန်းဟုဆိုသည့် Turing Phone


(အဆုံးထိ မဖတ်ခင် ဈေးနှုန်း ဘယ်လောက် ရှိနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ပါဦး။
Steve Chao ဆိုတဲ့ ပုဂ္ဂိုလ်က ယင်းရဲ့ လက်ဆွဲသေတ္တာကို စားပွဲပေါ်ကို တင်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အခါမှာတော့ အဖြူရောင် အဝတ်နဲ့ ပတ်ထားတဲ့ ထောင့်မှန်စတုဂံပုံစံ ပစ္စည်း ၃ ခုနဲ့ လက်အိတ်တစ်စုံ ထွက်လာပါတယ်။ ဒီအခြေအနေက Iron Man ရုပ်ရှင်ထဲက စူပါဗီလိန်တစ်ယောက် ကမ္ဘာဖျက်မယ့် လက်နက်ဆန်းတွေကို ထုတ်ဖော်ပြသ မယ့်ပုံစံမျိုး ပေါက်နေပါတယ်။

Stave Chao က လက်အိတ်ကို စိမ်ပြေနပြေဝတ်ပြီး အဝတ်ပတ်ထားတဲ့ ပစ္စည်း ၃ ခုထဲက ၁ ခုကို ဖြည်းဖြည်းခြင်း ဖြေလိုက်တဲ့အခါမှာတော့ ဘယ်အရာနဲ့မှ မတူတဲ့ ချွန်မြတဲ့ ထောင့်ချိုးတွေနဲ့ ထူထဲတဲ့ ကိုယ်ထည်ရှိတဲ့ စမတ်ဖုန်းတစ်လုံး ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီဖုန်းကတော့ ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရမှု အရှိဆုံးနဲ့ အခိုင်ခံ့ဆုံး စမတ်ဖုန်းလို့ ဆိုထားတဲ့ Turing Phone ပဲ ဖြစ်ပါတယ်။

                                 
                                    

Steve Chao ကလည်း အခြားသူတော့ မဟုတ်ပါဘူး။ ဒီ Turing Phone ကို တီထွင်ဖန်တီးခဲ့သူဖြစ်သလို Turing Robotic Industries ရဲ့ အမှုဆောင်ချုပ်လည်း ဖြစ်ပါတယ်။

ဖုန်းတွေကို တစ်ခုခြင်းစီ ထုတ်ဖော်ပြသနေစဉ် Steven Chao က ယင်းရဲ့ Turing Phone အကြောင်းကို ရှင်းပြခဲ့ပါတယ်။ “ကားလောကနဲ့ ယှဉ်ကြည့်မယ်ဆိုရင် လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်းတွေဟာ Volkswagen တွေ၊ Toyota တွေ ပေါ့ဗျာ။ ဒီကားတွေက အများစုအတွက်တော့ အဆင်ပြေပေမယ့် တစ်ချို့သော သူတွေကတော့ Lamborghini တွေ၊ Ferrari တွေ၊ Aston Martin လို စူပါကားတွေကို ဝယ်စီးချင်ကြတာ သေချာပါတယ်။”

ဆိုလိုချင်တာကတော့ Chao ရဲ့ လက်ထဲက Turing Phone ဟာ ဖုန်းလောကရဲ့ စူပါကားပါပဲ။ ဒီလောက်တောင် အမွှန်းတင်နေတဲ့ ဒီစမတ်ဖုန်း တကယ်ကော သူပြောသွားတဲ့ ဂုဏ်အင်္ဂါများ နဲ့ ပြည့်စုံပါရဲ့လား။

                                    
Turing Phone ဟာ ၅.၅ လက်မအရွယ် စမတ်ဖုန်းဖြစ်ပြီး 2.5 GHz Quad-core Snapdragon 801 ပရော်ဆက်ဆာနဲ့ 3GB RAM တပ်ဆင်ပေးထား ပါတယ်။ သိုမှီးမှုပမာဏ 16GB ၊ 64GB နဲ့ 128GB ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Android 5.1 (Lollipop) ကို Turing ရဲ့ မူပိုင် Æmæth User Interface ထပ်ဆောင်းထည့်သွင်း ပေးထားပါတယ်။ နောက်ကျောပြင် ကင်မရာက 13-megapixel ပုံထွက်နှုန်းရှိပြီး ရှေ့ဖက် Selfie ကင်မရာကတော့ 5-megapixel ရှိပါတယ်။

Turing Phone ရဲ့ အဓိက ထူးခြားချက် ၁ ခုကတော့ ဈေးကွက်ထဲက အခြားစမတ်ဖုန်းများနဲ့ လုံးဝကွဲပြားခြားနားပြီး ထူးခြားဆန်းသစ်တဲ့ ပုံစံဒီဇိုင်းပဲ ဖြစ်ပါတယ်။ Steve Cho ရဲ့ အဆိုအရ Turing Phone ရဲ့ ဒီဇိုင်းဟာ Interstellar ရုပ်ရှင်ထဲက အာကာသယာဉ် Endurance ကို မှီငြမ်းထားတယ်လို့ သိရပါတယ်။ ချွန်မြတဲ့ အနားဘောင်များ၊ အရောင်စုံ ပုံဖော်ထားတဲ့ ကိုယ်ထည်၊ အာကာသယာဉ် တစ်စီးအလား အကွက်ဖော်ထားတဲ့ နောက်ကျောပြင်တို့ဟာ အမှန်တကယ်ကို ထူးခြားလှပါတယ်။

ဒီဖုန်းမှာ USB အပေါက်တွေ၊ Headphone အပေါက်တွေ မပါဝင်ပါဘူး။ အားသွင်းဖို့နဲ့ Data ကူးပြောင်းဖို့ Bluetooth နဲ့ Apple ရဲ့ သံလိုက်သုံး MagSafe နဲ့တူတဲ့ အပေါက်တစ်ခုသာ ပါရှိပါတယ်။

Turing Phone ဟာ ဈေးကွက်ထဲမှာ အခိုင်ခံ့ဆုံး စမတ်ဖုန်းလို့ ဆိုထားတာလည်း အလကား မဟုတ်ပါဘူး။ ဖုန်းရဲ့ ကိုယ်ထည်ဟာ သံမဏိနဲ့ အလူမီနီယံတို့ထက် ခိုင်ခံတဲ့ Liquidmorphium လို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။ ယင်းသတ္တုဟာ ထုတ်လုပ်မှု အပိုင်းမှာလည်း ပိုမိုလွယ်ကူပြီး အနာဂတ် စမတ်ဖုန်းများမှာ အသုံးများလာဖို့ ရှိနေပါတယ်။ Apple ပင်လျှင် လက်ရှိ iPhone 6 နဲ့ 6 Plus တို့ရဲ့ ဆင်းမ်ကဒ်အကန့်များကို Liquidmorphium နဲ့ ပြုလုပ်ထားပြီး iPhone 7 မှာတော့ ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာမယ်လို့ ယူဆရပါတယ်။
                                    
ရေစိုခံ၊ ဖုန်ဝင်ခံ၊ အကြမ်းခံတဲ့ အပိုင်းမှာလည်း ထိပ်တန်းပါပဲ။ ဖုန်းအတွင်းပိုင်းက အစိတ်အပိုင်းများကို nano-coating အလွှာပါးတစ်ထပ် အုပ်ပေးထားလို့ ရာဘာအနားကွပ်များ အသုံးပြုစရာ မလိုတော့ပါဘူး။ ရေထဲကျပြီး ဖုန်းထဲရေဝင် သွားတဲ့အခါမှာ ဝင်သွားတဲ့ရေကုန်အောင် ခါပြီးတာနဲ့ ဆက်သုံးနိုင်ပါလိမ့်မယ်။

ဆော့ဖ်ဝဲပိုင်းမှာတော့ Turing Phone ဟာ Android 5.1 ကို ကြီးမားတဲ့ ပြောင်းလဲ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ Steve Chao ကတော့ ဖုန်းရဲ့ ပုံစံဒီဇိုင်းထက် ဆော့ဖ်ဝဲပိုင်းကို ပိုမိုအားရမိကြောင်း ပြောသွားပါတယ်။ လက်တွေ့မှာလည်း Turing Phone ဟာ အထူးလုံခြုံပြီး မသမာသူများရဲ့ ဖောက်ထွင်းဝင်ရောက်မှုကို ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်။

ဖုန်းရဲ့ ပင်မ App တွေအားလုံးကို End-to-End Encryption ပြုလုပ် ကာကွယ်ပေးထားပြီး “Turing Coin” လို့ အမည်ပေးထားတဲ့ Bitcoin ကဲ့သို့ လျှို့ဝှက်ငွေကြေး (Cryptocurrency) ထည့်သွင်းပေးထားပါတယ်။ ဒီ ငွေကြေးကိုသာ လူသုံးများလာမယ်ဆိုရင် Turing Phone ဝယ်ထားသူ တစ်ဦးအနေနဲ့ ဖုန်းဈေးတက်ပြီး အမြတ်တောင် ရရှိမယ့် အနေအထားလို့ Chao က နောက်ပြောင်ခဲ့ပါသေးတယ်။

ဖုန်းရဲ့ နဘေးမှာ လက်ဗွေ လုံခြုံရေးစနစ်လည်း ထည့်သွင်းပေးထားပြီး ပြင်ပ ဆာဗာများနဲ့ ကွန်ယက်များကနေ ခွင့်ပြုချက်မရှိပဲ ချိတ်ဆက်လို့ မရနိုင်အောင် ဆောင်ရွက်ထားပါတယ်။

အတိုချုပ်ပြီး ပြောရမယ်ဆိုရင် Turing Phone ရဲ့ အဓိက အားသာချက် ၃ ခုကတော့ - လုံခြုံစိတ်ချရမှုအတွက် (Privacy Features) ၊ ခိုင်ခံမှုအတွက် Liquidmorphium သတ္တု၊ နဲ့ အတွင်းပိုင်းက အစိတ်အပိုင်းများကို Nano-coating အလွှာပါး ဖုံးအုပ်ထားမှုတို့ ဖြစ်ပါတယ်။

Turing Phone ကို လာမယ့် ဂျူလိုင်လ ၃၁ ရက်နေ့မှာ www.turingphone.com ၌ ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းများကတော့ 16GB မော်ဒယ်အတွက် ဒေါ်လာ ၆၁၀၊ 64GB မော်ဒယ်အတွက် ဒေါ်လာ ၇၄၀ နဲ့ 128GB မော်ဒယ်အတွက် ဒေါ်လာ ၈၇၀ ကျသင့်မှာ ဖြစ်ပါတယ်။

Credit to ==> Myanmar Consumer Guide

ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ


0 comments:

Post a Comment