Our social:

June 10, 2015

ဗိုလ်ချုပ်ဒေါသထွက်သောနေ့

                                      


 မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။ တပ်အင်အားသုံးထောင်ကျော်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့က လက်တစ်ဆုပ်စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေး တပ်မတော်ကိုပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေး တပ်မတော်ကို ဦးစီးရန် ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှုးကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။




သဖော်သေဖက် ရောင်းရင်းရဲဖော် အချင်းချင်း ရုတ်တရက်ကွဲကွာခဲ့ရခြင်း၊ ဖက်ဆစ်ဂျပန် တပ်များ၏ အခါအခွင့်သင့်တိုင်းစော်ကားခံရဖြင်း တို့ကြောင့်ရဲဘော်ရဲဘက်များစိတ်ဓာတ်ကျဆင်းနေခြင်းလဲပါဝင်သည်။
ပျဉ်းမနားစခန်း တွင်ပြောင်းရွှေ့စုစည်း ရောက်ရှိနေသော ဘီဒီအေတပ်ရင်းသုံးရင်းသည် အမြဲတမ်းစစ်တပ် အနေဖြင့်နေရသော်လည်း စစ်ဝတ်စုံ (ယူနီဖောင်း) များညံ့ဖျင်းခြင်းနှင့်ပြည့်ပြည့်စုံစုံမရှိခြင်းက ချွတ်ယွင်းချက် တစ်ခုဖြစ်နေလေသည်။ ရဲဘော်အားလုံးကပင်မြန်မာ့ ကာကွယ်ရေး တပ်မတော်အတွင်း ဂုဏ်သိက္ခာနှင့် ထိုက်သင့်သော စစ်ဝတ်စုံ ရာထူးတံဆိပ်များကို မျှော်လင့်တောင့်တနေကြသည်။
စစ်ဌာနချုပ်မှလည်း စစ်ဝတ်စုံများရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။ ပျဉ်းမနား ဘီဒီအေတပ်ရင်းမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာသည် တပ်ရင်းမှုးဗိုလ်တေဇ၏ တာဝန်ပေးချက်အရ လူသူလက်နက် စာရင်းများမှားယွင်းနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ဌာနချုပ်ရှိ စစ်ဆေးရေးချုပ်၏ ရုံးအုပ်နှင့်တွေ့ရန် အရာခံဗိုလ်ဗဟန်နှင့်အတူမြင်းကိုယ်စီစီးလျှက် စစ်ဌာနချုပ်သို့ရောက်လာကြသည်။

သူတို့ရောက်ရှိလာသောအချိန်သည်ရုံးဆင်းနေချိန်ဖြစ်ပြီး အချို့သောတာဝန်ခံအရာရှိများ ရုံးဆင်းသွားကြသည်။ စာရေးများ၊ ရုံးစောင့်တာဝန်ခံရဲဘော်များနှင့် ကင်းမှုးများသာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ သူတို့တွေ့လိုသော
ရုံးအုပ်မှာ အပြင်ခဏ ထွက်သွားသဖြင့် ပြန်အလာကိုစောင့်ရင်း ဗိုလ်ချုပ် ထိုင်ရာရုံးခန်းသို့ လျှောက်ကြည့်ရာ ဗိုလ်ချုပ်ကိုမတွေ့သဖြင့် ရုံးဆင်းသွားပြီဟု ထင်ကာဗိုလ်ချုပ်၏ရုံးခန်းနှင့် ကပ်လျှက်ရှိသော ကိုယ်ရံတော် ဗိုလ်ကြီး၏ အခန်းထဲဝင်ပြီး ထိုင်စောင့်နေကြသည်။
ရုံးဆင်းချိန်ကျမှပင်ပစ္စည်း (စစ်ဝတ်စုံ)သေတ္တာအပြည့်တင်ထားသော ထရပ်ကားကြီးများ ရောက်လာသဖြင့် စစ်ဌာနချုပ်ရဲဘော်များ၏ အကူအညီဖြင့် ကားပေါ်မှပစ္စည်းများကို သယ်ချနေကြသည်။ နာရီဝက်ခန့်
အကြာ ဗိုလ်ချုပ်သည် ရုံးခန်းအတွင်းသို့ ဘယ်အချိန်က ၀င်ရောက်ပြီး အလုပ်လုပ်နေသည်ကို မသိလိုက်သော သူတို့နှစ်ယောက်က ဗိုလ်ချုပ်ကိုလှမ်းမြင်လိုက်သည်။

ဗိုလ်ချုပ်သည် ဘယ်ကိုမှမကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေ တထွေကြီးခင်းကာ စာကုန်း ရေးနေသည်ကို တွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အ၀တ်အစားမှာ ဗိုလ်ချုပ်နှင့် ထိုက်သင့်သော စစ်ဝတ်စုံမဟုတ်ပေ။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို ၀တ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကို စီးထားပြီး ခါးတွင် ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။ စားပွဲထောင့် တစ်နေရာတွင် မြန်မာ့လွပ်လပ်ရေး တပ်မတော်ခေတ် တစ်လျှောက်လုံးဆောင်းလာသည့်  ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကို တွေ့ရသည်။ အခန်းထောင့်တွင် ဂျပန်ဓားရှည် တစ်လက်ကို ထောင်ထားသည်။ ဗိုလ်ချုပ်၏ ဆံပင်မှာ ဆီနှင့်ကင်းဝေးနေပြီး ဖြီးလိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ ဗိုလ်ချုပ်၏ စစ်ဝတ်စုံမှာလည်း ရာသီဥတုဓာတ်ကြောင့် အဖြူရောင်
ရောနှောကာ ဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောက်အယှက် မပေးလိုသဖြင့် ပြောလက်စ စကားကိုဆက်မပြောတော့ပေ။

သို့သော် အပြင်တွင် ပစ္စည်းသေတ္တာများ သယ်ချနေသော ရုံးတာဝန်ခံ၊ ပစ္စည်းထိန်းဌာနအရာရှိများ၊ အကြပ်တပ်သားများသည် စည်းလွတ်ဝါးလွတ် ပြောချင်ရာစကားများကို ကျယ်ကျယ်လောင်လောင် ပြောနေကြသည်။ သူတို့လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်း အလုပ်လုပ်နေသည်ကို လုံးဝသိပုံမရပေ။ သတိပြုမိပုံလဲမရပေ။
"ဒီလောက်ကြမ်းတဲ့ အ၀တ်တွေဝတ်ရတာ ကျောယားလိုက်ပါဘိကွာ။ အိမ်မှာတုန်းက တစ်ခါမှတောင်စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ ၊ လက်တောင်မသုတ်ခဲ့တဲ့ အ၀တ်ကြမ်းတွေကွာ"
ရဲဘော်တစ်ယောက်က ကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာပြောလိုက်သည်။ ဗိုလ်ချုပ်သည် စာရေးနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်ခန်းမှ စစ်ဝတ်စုံအကြောင်း ပြောဆိုနေကြသည် ကိုနားစိုက်ထောင်နေသည်။
" ချီးမှပဲ တို့မျှော်လင့်ခဲ့သလို စမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အ၀တ်ကြမ်း ၊ ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း ။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ" တစ်ယောက်က ၀င်ပြီးပြောလိုက်သည်။ ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက် တင်းမာ ခက်ထန် သွားလေသည်။ မျက်လုံးနှစ်လုံး ကလည်း အရောင်တွေ ၀င်းဝင်းတောက် ဒေါသထွက်နေသည်။
"ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့ စစ်ဝတ်စုံဝတ်ပြီးမြို့ ထဲသွားရင် ဂျပန်တပ်က ခိုင်းတဲ့ ဟေးတိုးတပ်သားတွေ ထင်ပြီး ဂျပန်တပ်က တန်းခိုင်းမှာ သေချာတယ်။ မင်းတို့သာ ကြည့်ပြောပြပေတော့။ ဘယ်လို အ၀တ်အစားတွေမှန်း မသိပါဘူးကွာ။ တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်း ဟာသစွက်ကာပြက်လုံး ထုတ်လိုက်ပြန်သေးသည်။ ဗိုလ်ချုပ်သည် တွေဝေပြီး မျက်လုံး
စုံမှိတ်ကာ စဉ်းစားနေသည်။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး
"ဟေ့တာရာ. ....ဟိုဘက်က စကားပြောနေတဲ့ အကောင်တွေ အားလုံးငါ့ဆီ အမြန်ဆုံးခေါ်ခဲ့စမ်း၊ သွားစမ်း။ြ မြန်မြန်ကွ" အော်ငေါက်ကာဗိုလ်တာရာ အားလှမ်းပြီး အမိန့်ပေးသည်။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည်  သူတို့ခေါင်းမီးလောင်တော့မည့် အခြေအနေကို လုံးဝမရိပ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေကို ဝေဖန်ရင်းပြက်လုံးထုတ် နေကြသည်။

ဗိုလ်တာရာလဲ တစ်ချိုးထဲသွားရောက်ကာ အခန်းတွင်း သေတ္တာကြီးများကို ဖွင့်ကာဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊ အကြပ်တပ်သား အားလုံးကို ဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏ အခန်းထဲသို့ တစုတစ်ရုံးတည်း ခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်း ဗိုလ်ချုပ်ကို အလေးပြုကာ အမိန့်အတိုင်း ခေါ်ဆောင်လာပြီဖြစ်ကြောင်း သတင်းပို့ကာ အလေးပြုနေစဉ်ပင်
"မင်းတို့ဘာကောင်တွေတုန်းကွ ၊ ဟေ့ငါမေးနေတာမကြားဘူးလား"
စူးစူးဝါးဝါး မေးမြန်းလိုက်သည်။ ဗိုလ်ချုပ်၏ အသံသည် စစ်ဌာနချုပ်တစ်ခုလုံး လွှမ်းမိုးသွားသည်။
သူတို့သည် ကြောင်နေကြပြီး မှင်သက်မိ သူများပမာ တစ်စုံတစ်ရာကို မပြောဝံ့ကြပေ။ သတိအနေ ဖြင့်ငြိမ်သက်စွာ ရပ်နေကြသည်။
"ပြောကြစမ်း၊ မင်းတို့ဘာကောင်တွေတုန်း။ ငါမေးနေတာ မင်းတို့မကြားဘူးလား။ ခုတင်က မင်းတို့ ရယ်လားမောလားနဲ့ ပြောနေကြတာတွေလေ" ဗိုလ်ချုပ်သည် နောက်တစ်ကြိမ် စူးစူးဝါးဝါး အော်ဟစ်ကာ မေးလိုက်ပြန်သည်။ အမေးခံရသူ အားလုံးမှာ မျက်နှာသေလေးတွေ နှင့်အနည်းငယ် တုန်လှုပ်နေကြသည်။
"ကျွန်တော်တို့ စစ်ဝတ်စုံတွေ ညံ့တာနဲ့ဝေဖန်မိပါတယ် ဗိုလ်ချုပ်" ဗိုလ်ချုပ်ကို ဗိုလ်အဆင့်ရှိ သူတစ်ဦးက အရဲစွန့်ပြီး ဖြေကြားလိုက်သည်။
"ဘာကွ။ စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။ လက်တောင် မသုတ်ချင်ဘူး ဟုတ်လား ငါအကုန်ကြားတယ် မင်းတို့ဝေဖန်နေတာတွေ"
ဗိုလ်ချုပ်သည် ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှ ဗြုန်းခနဲထလိုက်ပြီး တန်းစီထားသူများရှေ့သို့ တက်လာရင်း......
"မင်းတို့ ငါအုပ်ချုပ်နေတဲ့ထပ်ထဲက အခုထွက်၊ အလကားကောင်တွေ မင်းတို့ကို ငါနဲနဲမှအထင်မကြီးတော့ဘူး ၊နွားတွေ တို့ရဲဘော်တွေ ယိုးဒယားက ဒီအထိရန်သူတွေကို  ရင်ဆိုင် တိုက်ခိုက်လာရတာ မှတ်မှတ်ရရ ဘယ်စစ်ဝတ်စုံတွေ ၀တ်ပြီးတိုက်ပွဲဝင်ခဲ့ကြသလဲ ဟင်ပြောစမ်း" စိတ်ပါလက်ပါ လက်သီးလက်မောင်းတန်းပြီးမေးလိုက်သည်။
"မင်းတို့က အခုမှ ယူနီဖောင်းလေး ဘာလေး စစ်ဝတ်စုံလေးနဲ့ ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ ဟေ့တိုင်းပြည်နဲ့ လူထုအတွက် ဆိုရင် စစ်ဝတ်စုံမရှိ လို့ခါးတောင်းကြိုက်ပြီးပဲ တိုက်ရတော့ရောဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာ အဓိကကွ အခုတော့ မင်းတို့ကကြီးကြီးကျယ်ကျယ် စကားတွေပြောလို့"
ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။
"အခုတော့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက် အချင်းချင်းတောင် မင်းတို့ပြောပုံ သဘောထားတွေက သစ္စာဖောက်နေတဲ့ အကောင်တွေ၊ မင်းတို့ကို ငါ့တပ်ထဲက ထုတ်ပစ်မယ်၊ ထုတ်ရမယ်" ကြိမ်းဝါးလိုက်ပြန်သည်။ အကြိမ်းခံရသူဗိုလ်၊ အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ ဒူးချင်း ရိုက်ခတ်သူခတ် အတော်စိတ်ထိခိုက်နေကြသည်။ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကို ခေါင်းငဲ့ကာစိတ်ဆိုးမာန်ဆိုးနှင့် ကြည့်လိုက်လုပ်နေကာ ဗိုလ်ချုပ်သည်
"ဘာလဲကွမင်းတို့က ဂျပန်တွေ ကားစီးပြီး အ၀တ်ကောင်းတွေ ၀တ်နေတာကိုအားကျလို့လား။ အေးမင်းတို့မှတ်ထား ငါတို့ တပ်မတော်ဟြာ ပြည်သူလူထုရဲ့သားသမီးတွေဆိုတာ ကြည့်လိုက်စမ်း။ တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေက တွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာ မင်းတို့လို အကောင်တွေက ဇိမ်ခံချင်ကြတယ်။ ကားသစ် ကြီးတွေ စီးချင်ကြတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက် အခွင့်အရေးပိုလိုချင်ကြတယ်။ လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန် မှာ မင်းတို့လို အလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံ အကောင်းတွေ ၀တ်ချင်ကြတယ် မှတ်ထားအခု လိုစိတ်မျိုး အမြင် မျိုးတွေရှိနေ သမျှငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။ မင်းတို့ပြည်သူလူထု အတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"
ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။
"မင်းတို့နားလည်လား။ စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေ ဆိုပြီး တစ်ကယ် စစ်တိုက်ရတဲ့အခါမှာ စစ်ပညာ ကောင်းကောင်းတက်နေပြီလား။ ဘာတစ်ခုမှမတတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေတဲ့ ကောင်စားတွေ။ မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထားကြ။ ငပုတွေက မင်းတို့ကို ဆော်ဖို့ အသင့်ရှိနေတယ် ဆိုတာ မင်းတို့မြင်ရဲ့လား။
ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့ မင်းတို့ကို ငါ့တပ်ထဲကထုတ်ရမယ်"
ဆက်လက်ပြီး ဒေါနဲ့မောနဲ့ ကြိမ်းလိုက်ပြန်သည်။
"မှားပါပြီဗိုလ်ချုပ် ၊နောင်တရပါပြီဗိုလ်ချုပ်"  အရာရှိနှစ်ဦးက ကတုန်ကယင်ဖြစ်တာ ငိုယိုသံများဖြင့်တောင်းပန် တိုးလျှိုလိုက်ကြသည်။"
" ငါဘယ်လိုဝတ်ထားလဲ။ ကြည့်ကြစမ်း။ မင်းတို့နဲ့ဘာခြားလို့လဲ။ မင်းတို့က ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ"။ ဗိုလ်ချုပ်သည် သူ၏ဟောင်းနွမ်းနေသော ၀တ်စုံကိုလက်ဖြင့်ပုတ်ပြီးပြလိုက်သည်။
"ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ် တောင်းပန်ပါတယ်။ ကျွန်တော်တို့အမှားကိုဝန်ချတောင်းပန်ပါရစေ။" မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် အသနားခံလိုက်ကြပြန်သည်။ ဗိုလ်ချုပ်သည် သိမ်းကြုံးပြီးဒေါသထွက်နေသော မျက်လုံးအစုံဖြင့် တောင်းပန်နေသူများကို ၀င့်ကြည့်လိုက်ပြီး
"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ အကောင်တစ်ကောင်မှ မရှိရဘူး၊မပါစေရဘူး။ လူထုငတ်ရင် အားလုံးငတ်မယ် လူထုဆင်းရဲရင် တို့ရဲဘော်အားလုံး ဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ ငါတို့တွေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့ အရေးကြီးတယ်။ အခုတော့ မင်းတို့ကောင်တွေကွာ။ ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။"
ကြိမ်းဝါးလိုက်ပြန်သည်။ သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကိုခံယူကြမည့်ရဲဘော်များဖြစ်နေကြသည်။ အခိုက်အတန့်အတွင်း အပြောမှား၊ အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ ဆုံးမသြ၀ါဒများကြောင့် အမြင်မှန်ရခဲ့သည်။
"သွားကြစမ်း ၊မြန်မြန်ထွက်သွား၊ အကောင်ရှုပ်တွေ  ကြာကြာနေရင် မင်းတို့ကိုငါ ဆော်ထည့်မိလိမ့်မယ်။"
ဗိုလ်ချုပ်ကကြိမ်းဝါးကာ ရုံးခန်းအတွင်းမှ  နှင်ထုတ်ပစ်လိုက်သည်။ ပါးစပ် သရမ်းမိသူများလည်း အရေးတကြီး ဗိုလ်ချုပ်ကို အလေးပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာငယ်လေးများဖြင့် ထွက်ခွာသွားကြလေတော့သတည်း...။


ညောင်ညိုသားလေးသို့ { ဒီမှာ } သွားလိုက်ပါ



0 comments:

Post a Comment